မရေးတတ်ရေးတတ်နှင့် ၀ါသနာအရ နှလုံးသားမှလာသော ဝေါဟာရများဖြင့် ထုဆစ်ထားပါသည်။

Saturday, October 29, 2011

အမေ့ အပြုံး

မနက်ဝေလီဝေလင်း နေမင်းကြီးတောင် မျက်နှာမသစ်ရသေးခင်
ငါရဲ့ တစ်နေ့တာ စတင် ရုန်းကန်ရတယ်။
စက်ရုပ်တစ်ကောင်ရဲ့ အသက်ရှုသံမျိုးနဲ့
ငါ့ဘ၀ကိုနေ့တိုင်းထုဆစ်နေတယ်။
ငါလျှောက်နေတဲ့လမ်းမှာ ကြင်နာမှုတွေမရှိဘူး။
ဂရုဏာတရားတွေ ရှာမှရှား။
ပြိုင်ဆိုင်မှု ရထားကိုစီးနင်းရင်း အောင်မြင်မှုဘူတာရုံဆီဦးတည်။
ဘယ်မှာရှိလို့ ဘယ်လောက်ကြာအောင် ခုတ်မောင်းရဦးမလဲ
ဘယ်ဆီမှာ ရပ်တန့်မလဲ
ရေရာတာ ဘာမှမရှိ။
မောဟသံလမ်းတွေကိုနင်းရင်း စည်းချက်မညီတဲ့ ဂျုံးဂျုံးဂျက်ဂျက်သံဇဉ်တွေနဲ့
ငါပိုင်ဆိုင်တာ မကျေနပ်မှုတွေ၊ အလိုမကျမှုတွေ။
ဒီအရာတွေကို နှစ်သိမ့်ပေးနိုင်တာက
တစ်ခုတည်းသောအမေ့ရဲ့ အားပေးမှု
အမေ့ရဲ့ အကြင်နာ။
ဘယ်အရာကမှလဲ မပေးနိုင်တဲ့ခွန်အားတွေ
အမေ့ဆီကပဲ ငါ တောင်းဆိုမိတယ်။
အရာအားလုံးကို ကျော်ဖြတ်ဖို့ ငါ့အတွက် တစ်ခုတည်သော
လက်နက်က အမေ့ရဲ့ အပြုံး။
အမေ------မိုးပြိုမှာမကြောက်ဘူး။
အမေ မျက်နှာညိုမှာသာ ကြောက်တယ်။
သမီးဘေးနားမှာ ထာဝရပြုံးနေပေးပါနော်။

Friday, September 30, 2011

အပြန်လမ်း

                      နွေဦးပုရစ်ဖူးလေးတွေ ထိုးထိုးထောင်ထောင်စထွက်လာချိန်မှာ ငှက်ငယ်လေးတစ်သိုက် သူတို့  ရဲ့  ဥခွံကို ရုန်းကန်ဖယ်ရှားရင်း လောကကြီးထဲကို ခေါင်းပြူထွက်လာကြတယ်။ မိခင် ငှက်မကြီးကတော့ အထီးကျန်နေတဲ့ သူ့ ဘ၀ထဲကို ရောက်လာကြတဲ့ သားငယ်လေးတွေအတွက် ပျော်မဆုံး တစာစာအော်နေလေရဲ့  ။ သားလေးတွေကို ကြည့်မ၀စွာနဲ့  အပေါ်ယံလေးကနေ ပျံလိုက်၊ ၀ဲလိုက် နဲ့   ဂုဏ်ယူမဆုံး၊ သူ့  အပေါင်းအဖော်တွေကို ကြွားဝါနေတဲ့အလား အော်မြည်နေတယ်။ သူရင်ထဲမှာလည်း ခွန်အားတွေပြည့်လာတယ်။ ပြီးတော့ တစ်ရက်နေလို့  မှ တစ်ခါလောက် အသိုက်ကို ပြန်ရောက်လာတတ်တဲ့ ငှက်ဖိုကြီးကိုလည်း သူမအတွက် မျှော်နေစရာမလိုတော့။ ကျိလိ ကျိလိ အော်သံပေးနေတဲ့ သူ့သားလေးတွေက သူမအတွက် အရာရာကို ဖြည့်ဆည်းပေးနေတဲ့အလား သူမအတွက် ဘာဆိုဘာမှ မလိုတော့လောက်အောင် ပြည့်စုံသွားပြီ။
                        ညနေလေအေးကြောင့် သားလေးတွေအေးမှာစိုးလို့  သူ့တောင်ပံတွေနဲ့  ဖြန့်အုပ် လွှမ်းခြုံပေးထားလိုက်တယ်။ မနက်နေခြည်လာပြန်တော့ သားလေးတွေ ပူမှာစိုးလို့  သစ်ရွက်ခြောက်တွေ ရသလောက်ချီပြီး ကာကွယ်ပေးပြန်တယ်။ သူမတစ်ယောက်တည်း နေထိုင်ရာ အသိုက်ကလေးမှာ ခု သားလေးငါးကောင်ပိုလာတော့ သူမအိမ်လေးခိုင်သထက်ခိုင်ဖို့  ကောက်ရိုးခြောက်တွေ လိုက်ကောက် ထပ်ထည့်နဲ့   အလုပ်တွေကလည်း အနားတမ်းပါဘဲ။ တစ်ခါတစ်ခါ သားငယ်လေးတွေကို အလစ်သုတ်နိုင်တဲ့ ရန်သူတွေကိုလည်း သူမ မကြောက်မလန့် ရင်ဆိုဖို့ ကြိုးစားရပါသေးတယ်။ သူမအတွက် အသက်ပင်ပေးရ ပေးရ ကလေးတွေ ဘေးကင်းဖို့ က အဓိကပဲလေ။ သူတို့ လေးတွေအတွက် ဘာပဲ လုပ်ပေးရ လုပ်ပေးရ  သူမ မမောပါဘူး။သားလေးတွေရဲ့  အော်သံက သူမအတွက် အင်းအားတွေပဲလေ။ 
                          တဖြည်းဖြည်းနဲ့   သားလေးတွေက တကျီကျီအော်ရင်း အစာတောင်းတတ်လာကြပြီလေ။ သူမအစာတွေပိုပိုရှာမိတယ်။ တစ်ကောင်ကိုခွံကျွေးရင် နောက်တစ်ကောင်ကလည်း ပါးစပ်လေး တဟဟနဲ့  သူ့  အမေကို ဂျီကျတောင်းဆိုရင်း သူမစားမယ့်အလှည့်ကို မရောက်နိုင်တော့ဘူး။ မစားရရင်လည်း သူမအတွက်တော့ မမှုပါဘူး။ သားငယ်လေးတွေ မ၀မချင်း သူမ ရှာကျွေးနေမှာဘဲ။
                           မမောနိုင်မပန်းနိုင် ရှာကျွေးရင်း၊ နွေးထွေးမှုတွေပေးရင်း သားလေးတွေဟာ ပျံသန်းဖို့  အတွက် တောင်ပံတွေကို စတင်အားပြုလာကြတယ်။ အဲဒီနေ့  ကတော့ သူမ အရမ်း ပျော်သွားမိတယ်။ မပျံတတ်ပျံတတ်သားလေးတွေကို ဖေးမရင်း သူမ တတ်ထားတဲ့ ပျံသန်းခြင်းဘာသာရပ်ကို သူမစတင် သင်ပေးမိတယ်။ ပထမတော့ နိမ့်နိမ့်လေး၊ တဖြည်းဖြည်းနဲ့  ဟိုးအမြင့်မှာ လေဟုတ်စီးတဲ့အထိကို သူတို့  တတ်မြောက်လာခဲ့တော့တယ်။ သားငယ်လေးတွေရဲ့  တတ်မြောက်မှုအတွက် သူမ ဂုဏ်ယူမဆုံး၊ ကျေနပ် မဆုံးပေါ့။ ပျံသန်းရင်းနဲ့  မိုးမှိုင်းလာပြီဆိုရင် ဘာကိုကြည့်ရင်သိတယ်။ အစာတွေက ဘယ်နားတွေမှာ ပေါတယ်။ ရန်သူတွေကို ဘယ်လိုရင်ဆိုင်ရမယ်-------။ လောကကြီးထဲက သူမသင်ယူခဲ့ရသမျှကို တစ်လုံး တစ်ပါဒမျှမချန် သူတို့ လေးတွေကို သင်ပေးမိတယ်။ တတ်မြောက်ကြလေသမျှကတော့ သူမအတွက် ပီတိပျားရည်စက်တွေပေါ့လေ။ 
                              သူမသင်ပေးတဲ့ ပညာလေးတွေကို သူတို့  ပြီးဆုံးအောင် တတ်မြောက်လာတော့ သူမခွံကျွေးတဲ့အစာကို စားရမှ သူတို့  မနှစ်သက်ဘူးဖြစ်လာကြတယ်။ ကိုယ်တိုင်ရှာလို့ ရတဲ့ ပိုးကောင်လေး တစ်ကောင်အတွက်  စစ်ပွဲနိုင် စစ်သူကြီး ဟန်ပန်နဲ့  မာန်တက်လာကြလာတဲ့။  တစ်ခြား အသိုက်အမြုံက ရွယ်တူမြီးကောင်ပေါက်တွေနဲ့  ပလီပလာတွေပြောတတ်လာကြတယ်။ လေဆန်ကိုပျံတက်ရင်း   တဟုန်ထိုး ပြန်ဆင်းပစ်ကြတယ်။ ရန်စွယ်ကို မမြင် မိုက်ရူးရဲဆန်ဆန်အလုပ်တွေ လုပ်တတ်လာတယ်။ မလုပ်ပါနဲ့  သားရယ်လို့  ပြောတိုင်း အမေ့စကားက အရေးမပါ ပါဘူးဆိုတဲ့ အကြည့်မျိုးနဲ့  အမေကို ကြည့်တတ်လာတယ်။ အမေပါမှ ပျံသန်းတတ်တဲ့သားလေးတွေ ခုတော့ သူတို့  ပျံသန်းတဲ့ လမ်းကြောင်းမှာ အမေပါရင် သိပ်ရှုပ်တာပဲလို့  ထင်လာကြပြီ။ သူတို့  လုပ်သမျှအရာတိုင်းကို အမေဝေဖန်မှာ သိပ်ကြောက်လို့   သူတို့ လုပ်သမျှကို အမေမသိအောင် လျှို့  ၀ှက်ထားတတ်ကြတယ်။
                                နောက်ဆုံးမှာတော့ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ဆိုတဲ့ အမေ့တားမြစ်ချက်တွေနဲ့   ဝေးရာနေရာကို ပျံသန်းဖို့  သူတို့  ကြိုးစားတော့တယ်။ သူတို့  မရောက်ဖူးတဲ့ အသိုက်အမြုံနဲ့  ဝေးရာ ဟိုးမိုးကုပ်စက်ဝိုင်းအောက်ကို ရောက်ဖူးဖို့  ၊ လှိုင်းထန်တဲ့ ပင်လယ်ပြင်ကြီးကို မြင်ဖူးဖို့  ၊ တောအုပ်ကြီးတွေရဲ့  စိမ်းစိုလှပမှုတွေကို ရှုစားဖို့   သူတို့  ထွက်ခွာသွားကြပါပြီ။ သားလေးတွေရဲ့  ပြန်အလာကို မျှော်ရင်း မိခင်ငှက်မကြီးခမျာ သူမရဲ့  ဟိုး------ တစ်ကောင်တည်း စခဲ့တဲ့ အထီးကျန်နေ့ ရက်တွေကို  ပြန်လည်ရောက်သွားခဲ့ပါတော့တယ်။ သူမအတွက်တော့ မျှော်ရင်းနဲ့  သာ  အသက်ရှင်သွားရတော့မှာပါ။ သားသမီးတွေကတော့ လောက၀င်္ကဘာကြီးထဲမှာ သာယာမှုတွေရှာဖွေရင်း၊ အခက်အခဲတွေကြောင့် လဲပြိုရင်း၊ ဘ၀သစ်ကို ရှာဖွေတွေ့  ရှိသွားကြပြီမို့   ပြန်လာနိုင်ဖို့  တော်တော်ခဲယဉ်းသွားကြပါပြီ။ သူတို့  တွေလည်း တစ်နေ့  မှာတော့ သူတို့  ကျော်ဖြတ်နေရတဲ့ အကျည်းတန်ရက်စွဲတွေကို ငြီးငွေ့  ဖွယ်ရာဖြတ်ကျော်ရမဲ့ အလှည့်ကို ရောက်လာကြမှာပါ။ 
                                 ဒီငှက်လေးတွေလိုပဲလေ ကျွန်မတို့ တွေလည်း မိဘတွေတပ်ပေးလိုက်တဲ့ တောင်ပံ တစ်စုံနဲ့  ဟိုးအမြင့်ဆုံးကို ပျံသန်းဖို့  အသိုက်အမြုံဆီက ထွက်လာခဲ့ကြပြီလေ။ တစ်နှစ်နေလို့  မှ တစ်ခါသာ အသိုက်အမြုံဆီကို ပြန်လည်ရောက်ဖြစ်တတ်ကြတယ်။ ငှက်လေးတွေရဲ့  မိခင်ငှက်မကြီးလိုပဲ ကျွန်မတို့  ရဲ့  အမေတွေလည်း ကျွန်မတို့  တွေရဲ့  အိမ်ပြန်ရမယ့် ရုံးပိတ်ရက်ရှည်ကြီးကို ငြိမ်းငွေ့ စွာနဲ့   ထိုင်စောင့်နေကြမှာတော့ အမှန်ပါ။ ဒါကြောင့်  ကျွန်မတို့  ရဲ့  နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ချစ်သူ၊ သူငယ်ချင်း၊ အလုပ် အရာအားလုံးကို ခဏ မေ့ထားရင်း သူတို့  မျှော်နေတဲ့ အပြန်ခရီးကို ကျွန်မတို့  မမေ့တမ်း ထွက်ခွာကြအောင်နော်။

Thursday, September 29, 2011

နှောင်းနောင်တ

အေးချမ်းတဲ့ အောက်တိုဘာတစ်ခုမှာ နိုရာ လောကကြီးထဲကို ရောက်လာတယ်လို့  သိရတယ်။ နိုရာ မှတ်မိသလောက်ဆိုရင် နိုရာအသက်လေးနှစ်လောက်မှာ မေမေက နိုရာကို စာလုံးလေးတွေဖတ်ခိုင်းတယ်။ ရေးခိုင်းတယ်။ ငါးနှစ်လဲရောက်ရော နိုရာ အဖြူ အစိမ်း ၀တ်စုံလေးနဲ့   အလယ်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်။ ကျောင်းစတက်တော့ သူငယ်ချင်းဆိုတဲ့ ဝေါဟာရအသစ် နိုရာ့ဦးနှောက်ထဲကို ရောက်လာတယ်။ ဘာမှန်းနားမလည်ပေမယ့် သူတို့  နဲ့  ကစားလို့  ရတယ်လို့  နိုရာသိထားတယ်။ နေ့  လည် အားလပ်ချိန်ရောက်တော့ သူတို့ရဲ့  အတူ ကစားမယ့်ကမ်းလှမ်းချက်ကို နိုရာ လက်ခံလိုက်တယ်။ အဲဒီအချိန်မှာဘဲ မေမေက နိုရာ့ကို နေ့ လည်စားဖို့  လာခေါ်တယ်။ နိုရာ မေမေ ပြောစရာမလိုပဲ ခက်သွပ်သွပ်စားလိုက်တယ်။ စိတ်က သူငယ်ချင်းတွေဆီမှာဘဲရောက်နေတော့ နိုရာ ခဏလေးအတွင်းမှာ အတွင်းမှာပဲ စားပြီးသွားတယ်။ သူငယ်ချင်းတွေဆီကို သွားမလို့  လုပ်တုန်း နိုရာ့ ခြေလှမ်းတွေရပ်တန့် သွားရတယ်။ “ ထိမိခိုက်မိလိမ့်မယ် နိုရာ မသွားရဘူး” ဆိုတဲ့ မေမေ့ရဲ့  အမိန့်  ကြောင့်ပါဘဲ။ မေမေ မမြင်အောင် နိုရာ နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်မိတယ်။ ဒါကတော့ နိုရာ ကျောင်းသူဘ၀ရဲ့  ပထမဆုံး တားမြစ်ချက်စတင်ခဲ့တာပါ။
                          နိုရာကျောင်းသူသက်တမ်းတစ်လျှောက်မှာ ကျောင်းပိတ်ရက်တွေကို သူငယ်ချင်းတွေနဲ့  အတူ ပျော်ပါး ဆော့ကစားရင်း ကျော်ဖြတ်ခွင့်မရခဲ့ဘူး။ စာမဖတ်ဘဲအိပ်ရာဝင်ခွင့်ရတဲ့ ညတွေ မပိုင်ဆိုင်ခဲ့ရဘူး။  နိုရာအမြဲကြားခဲ့ရတာကတော့ မေမေနှုတ်ခပတ်ကလာတဲ့ “ နိုရာ ဆရာဝန်ဖြစ်ရမယ် ” ဆိုတဲ့ စကားတစ်ခွန်းတည်းပါဘဲ။ နိုရာ တော်ချင်လို့ မဟုတ်ပေမယ့် လိုချင်တာမရရင် ဆူဆူပူပူဖြစ်အောင်လုပ်တတ်တဲ့ မေမေ့ကို ကြောက်လို့  မေမေ အလိုချင်ဆုံးဆုတွေကို နိုရာယူပေးခဲ့တယ်။ ဒီလိုနဲ့  နိုရာ မြီးကောင်ပေါက်အရွယ် ဆယ်တန်းဆိုတဲ့ ပင်လ ယ်ကိုဖြတ်ရမယ့်နေ့ တွေကို ရောက်လာခဲ့တယ်။ တစ်ဘ၀လုံး ပုံစံခွက်ထဲက ရေခဲတုံးဘ၀ကို ငြီးငွေ့  တဲ့နိုရာ စတင်အငွေ့ ပျံဖို့  ကြိုးစားလာတယ်။ စာဖတ်ချိန်တွေမှာ နိုရာ အိပ်ငိုက်ဖို့  ကြိုးစားခဲ့တယ်။ မေမေဆူရင် ပို ပို ငိုက်ပြခဲ့တယ်။ မေမေ့ဒေါသတွေကို နိုရာ လစ်လျူရှုတတ်လာတယ်။ မေမေ လိုချင်တဲ့အရာတွေကို နိုရာ ဆုံးရှုံးအောင်လုပ်တတ်လာတယ်။ 
                          နိုရာမုန်းတီးလွန်းတဲ့ကျောင်းသူဘ၀ကုန်ဆုံးတဲ့နေ့ ကတော့ ဆယ်တန်းစာမေးပွဲတွေ ပြီးတဲ့နေ့ပါဘဲ။ လှောင်ချိုင့်စံငှက်တစ်ကောင် လွတ်ပျံလာသလိုနိုရာခံစားရတယ်။ လေဟုန်စီးနေတဲ့ စင်ရော်တစ်ကောင်ရဲ့  ခံစားချက်မျိုးနဲ့  နိုရာ အောင်စာရင်းထွက်မယ့်နေ့  ကို မျှော်နေမိတယ်။
                             ၂၀၀၃ ခု၊ ဇွန် ၁၃ ရက်နေ့  နိုရာ အတွက် မေ့မရတဲ့နေ့  ဖြစ်သွားတော့တယ်။ သူငယ်ချင်းတွေ ဂုဏ်ထူးပေါင်းများစွာနဲ့ အောင်ချိန်မှာ နိုရာ တစ်ဘာသာတည်းနဲ့  အောင်ခဲ့တယ်။ မေမေ ကတော့ ငိုကြွေးလို့  မဆုံး။ ခုမှ နိုရာ နောင်တတွေရလာတယ်။ နိုရာ အိပ်ငိုက်နေမဲ့၊ အရွဲ့  တိုက်နေမယ့်အချိန်တွေမှာ ကြိုစားခဲ့ရင်။ ခေါင်းကိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ဖျက်ခဲ့တဲ့ ကျူရှင်ချိန်တွေကို တက်ခဲ့ရင်။ မနက်မနက် နှိုးစက်သံကို မေမေမကြားခင် အသာလှမ်းပိတ်ပြီး ပြန်မအိပ်ခဲ့ရင်-----------။ ခုအချိန်မှာတော့ နိုရာ ဘာကိုမှ ပြန်လုပ်လို့  မရတော့ပါဘူး။ အတိတ်ဆိုတာ ပြန်ရစ်လို့ ရတဲ့ စီဒီတစ်ချပ်မဟုတ်မှန်း ခုမှ နိုရာ သဘောပေါက်သွားတယ်။ 
                                နိုရာမေ့မေ့ လက်ကို ဖွဖွလေးဆုပ်ကိုင်ရင်း တိုးတိုးလေးတစ်ခွန်းပြောလိုက်မိတယ် “ နိုရာ့ကို ခွင့်လွှတ်ပါ မေမေ”။

Wednesday, September 28, 2011

ဘ၀ဆိုတာဘာမှန်းမသိသေးတဲ့ အရွယ်မှာ
ဆေးစက်တွေနဲ့  စုတ်ချက်တွေခြယ်သဖို့  အဖေသင်ပေးခဲ့တယ်
ဆေးရောင်စုံပန်းချီကားတွေကြားမှာ သမီးတို့   နွေရာသီကျောင်းပိတ်ရက်ရှည်ကြီးကို ကျော်လွန်ခဲ့ကြတယ်နော်
ပန်းချီဆွဲနေတဲ့ သားအဖနှစ်ဦးကို ပီတိအပြုံးတွေခြွေရင်း အမေကကျေနပ်လို့
အဲဒီကာလတွေက ထာဝရမဖြစ်ခဲ့ပါဘူး။
ပန်းချီကားတွေရဲ့  အနက်ကို သမီးရှာမတွေ့  ခင်အရွယ်မှာဘဲ
အမေနဲ့   သမီးရဲ့  အဝေးဆုံးကို အဖေထွက်သွားခဲ့တယ်။
အဲဒီနေ့  ကို သမီးမှတ်မိပါတယ်အဖေ
အိမ်ကိုအဖေပြန်ရောက်ခဲ့လာတယ်။
ဒါပေမယ့် အဖေရဲ့  ၀ိဥာဉ်မဲ့တဲ့ ကိုယ်ဘဲရောက်လာခဲ့တယ်။
ဆောက်တည်ရာမရမှုတွေနဲ့  ရူးသွပ်မတတ်ငိုကြွေးနေတဲ့အမေရယ်
ဂရုဏာမျက်လုံးတွေနဲ့  ကြည့်နေကြတဲ့ အဖေ့မိတ်ဆွေတွေရယ်
သမီး သိပ်နားမလည်ခဲ့ဘူး ငိုကြွေးရကောင်းမှန်းမသိခဲ့ဘူး အဖေ
နားလည်လာတဲ့နေ့  တွေမှာတော့ သမီးရဲ့ ဆေးစက်တွေကို လမ်းပြဖို့  အဖေအနားမှာမရှိတော့ဘူး
သမီးလှမ်းမမီတဲ့ ဟိုအမြင့်က အရာတွေကို ယူပေးဖို့  အဖေမရှိတော့ဘူး
အပြစ်တွေလုပ်မိလို့  အမေ ရိုက်တဲ့အခါ ကာကွယ်ပေးဖို့   အဖေမရှိတော့ဘူး
တစ်စ တစ်စနဲ့  နှစ်တွေလည်းပြောင်းခဲ့ပါပြီ။
အရာရာတွေက သမီးအတွက် ပြောင်းလဲခဲ့တယ်။
ဒါပေမယ့် မပြောင်းခဲ့တဲ့အရာတစ်ခုကတော့
အဖေမရှိတဲ့နေ့  တကည်းက သမီးရဲ့  စုတ်တံတွေ ပန်းချီကားတွေ ကို သမီးကောက်မကိုင်ခဲ့တာပါဘဲ
ဘာကြောင့်ဆိုတော့
မလာတော့မှန်းသိပေမယ့် အဖေပြန်လာမယ့်နေ့  ကို သမီးစောင့်ဆဲမို့  ပါ
မေယုကမ်းပါး သောင်ယံနားမှာ
ကြွေကျပျဉ်သုဉ်း ငါ့သဲနှလုံးကို
ဘယ်သောဘယ်ခါ အစားမထိုးပါ
ငါ၏ရင်မှ ငါ့သစ်စာတည်း။

တောင်ပံ

အမေတပ်ပေးလိုက်တဲ့ တောင်ပံတစ်စုံကို
အားပြုပျံသန်းရင်း လာရာလမ်းမပြန်တမ်းလို့
ကတိပေးတယ်အမေ