မရေးတတ်ရေးတတ်နှင့် ၀ါသနာအရ နှလုံးသားမှလာသော ဝေါဟာရများဖြင့် ထုဆစ်ထားပါသည်။

Friday, September 30, 2011

အပြန်လမ်း

                      နွေဦးပုရစ်ဖူးလေးတွေ ထိုးထိုးထောင်ထောင်စထွက်လာချိန်မှာ ငှက်ငယ်လေးတစ်သိုက် သူတို့  ရဲ့  ဥခွံကို ရုန်းကန်ဖယ်ရှားရင်း လောကကြီးထဲကို ခေါင်းပြူထွက်လာကြတယ်။ မိခင် ငှက်မကြီးကတော့ အထီးကျန်နေတဲ့ သူ့ ဘ၀ထဲကို ရောက်လာကြတဲ့ သားငယ်လေးတွေအတွက် ပျော်မဆုံး တစာစာအော်နေလေရဲ့  ။ သားလေးတွေကို ကြည့်မ၀စွာနဲ့  အပေါ်ယံလေးကနေ ပျံလိုက်၊ ၀ဲလိုက် နဲ့   ဂုဏ်ယူမဆုံး၊ သူ့  အပေါင်းအဖော်တွေကို ကြွားဝါနေတဲ့အလား အော်မြည်နေတယ်။ သူရင်ထဲမှာလည်း ခွန်အားတွေပြည့်လာတယ်။ ပြီးတော့ တစ်ရက်နေလို့  မှ တစ်ခါလောက် အသိုက်ကို ပြန်ရောက်လာတတ်တဲ့ ငှက်ဖိုကြီးကိုလည်း သူမအတွက် မျှော်နေစရာမလိုတော့။ ကျိလိ ကျိလိ အော်သံပေးနေတဲ့ သူ့သားလေးတွေက သူမအတွက် အရာရာကို ဖြည့်ဆည်းပေးနေတဲ့အလား သူမအတွက် ဘာဆိုဘာမှ မလိုတော့လောက်အောင် ပြည့်စုံသွားပြီ။
                        ညနေလေအေးကြောင့် သားလေးတွေအေးမှာစိုးလို့  သူ့တောင်ပံတွေနဲ့  ဖြန့်အုပ် လွှမ်းခြုံပေးထားလိုက်တယ်။ မနက်နေခြည်လာပြန်တော့ သားလေးတွေ ပူမှာစိုးလို့  သစ်ရွက်ခြောက်တွေ ရသလောက်ချီပြီး ကာကွယ်ပေးပြန်တယ်။ သူမတစ်ယောက်တည်း နေထိုင်ရာ အသိုက်ကလေးမှာ ခု သားလေးငါးကောင်ပိုလာတော့ သူမအိမ်လေးခိုင်သထက်ခိုင်ဖို့  ကောက်ရိုးခြောက်တွေ လိုက်ကောက် ထပ်ထည့်နဲ့   အလုပ်တွေကလည်း အနားတမ်းပါဘဲ။ တစ်ခါတစ်ခါ သားငယ်လေးတွေကို အလစ်သုတ်နိုင်တဲ့ ရန်သူတွေကိုလည်း သူမ မကြောက်မလန့် ရင်ဆိုဖို့ ကြိုးစားရပါသေးတယ်။ သူမအတွက် အသက်ပင်ပေးရ ပေးရ ကလေးတွေ ဘေးကင်းဖို့ က အဓိကပဲလေ။ သူတို့ လေးတွေအတွက် ဘာပဲ လုပ်ပေးရ လုပ်ပေးရ  သူမ မမောပါဘူး။သားလေးတွေရဲ့  အော်သံက သူမအတွက် အင်းအားတွေပဲလေ။ 
                          တဖြည်းဖြည်းနဲ့   သားလေးတွေက တကျီကျီအော်ရင်း အစာတောင်းတတ်လာကြပြီလေ။ သူမအစာတွေပိုပိုရှာမိတယ်။ တစ်ကောင်ကိုခွံကျွေးရင် နောက်တစ်ကောင်ကလည်း ပါးစပ်လေး တဟဟနဲ့  သူ့  အမေကို ဂျီကျတောင်းဆိုရင်း သူမစားမယ့်အလှည့်ကို မရောက်နိုင်တော့ဘူး။ မစားရရင်လည်း သူမအတွက်တော့ မမှုပါဘူး။ သားငယ်လေးတွေ မ၀မချင်း သူမ ရှာကျွေးနေမှာဘဲ။
                           မမောနိုင်မပန်းနိုင် ရှာကျွေးရင်း၊ နွေးထွေးမှုတွေပေးရင်း သားလေးတွေဟာ ပျံသန်းဖို့  အတွက် တောင်ပံတွေကို စတင်အားပြုလာကြတယ်။ အဲဒီနေ့  ကတော့ သူမ အရမ်း ပျော်သွားမိတယ်။ မပျံတတ်ပျံတတ်သားလေးတွေကို ဖေးမရင်း သူမ တတ်ထားတဲ့ ပျံသန်းခြင်းဘာသာရပ်ကို သူမစတင် သင်ပေးမိတယ်။ ပထမတော့ နိမ့်နိမ့်လေး၊ တဖြည်းဖြည်းနဲ့  ဟိုးအမြင့်မှာ လေဟုတ်စီးတဲ့အထိကို သူတို့  တတ်မြောက်လာခဲ့တော့တယ်။ သားငယ်လေးတွေရဲ့  တတ်မြောက်မှုအတွက် သူမ ဂုဏ်ယူမဆုံး၊ ကျေနပ် မဆုံးပေါ့။ ပျံသန်းရင်းနဲ့  မိုးမှိုင်းလာပြီဆိုရင် ဘာကိုကြည့်ရင်သိတယ်။ အစာတွေက ဘယ်နားတွေမှာ ပေါတယ်။ ရန်သူတွေကို ဘယ်လိုရင်ဆိုင်ရမယ်-------။ လောကကြီးထဲက သူမသင်ယူခဲ့ရသမျှကို တစ်လုံး တစ်ပါဒမျှမချန် သူတို့ လေးတွေကို သင်ပေးမိတယ်။ တတ်မြောက်ကြလေသမျှကတော့ သူမအတွက် ပီတိပျားရည်စက်တွေပေါ့လေ။ 
                              သူမသင်ပေးတဲ့ ပညာလေးတွေကို သူတို့  ပြီးဆုံးအောင် တတ်မြောက်လာတော့ သူမခွံကျွေးတဲ့အစာကို စားရမှ သူတို့  မနှစ်သက်ဘူးဖြစ်လာကြတယ်။ ကိုယ်တိုင်ရှာလို့ ရတဲ့ ပိုးကောင်လေး တစ်ကောင်အတွက်  စစ်ပွဲနိုင် စစ်သူကြီး ဟန်ပန်နဲ့  မာန်တက်လာကြလာတဲ့။  တစ်ခြား အသိုက်အမြုံက ရွယ်တူမြီးကောင်ပေါက်တွေနဲ့  ပလီပလာတွေပြောတတ်လာကြတယ်။ လေဆန်ကိုပျံတက်ရင်း   တဟုန်ထိုး ပြန်ဆင်းပစ်ကြတယ်။ ရန်စွယ်ကို မမြင် မိုက်ရူးရဲဆန်ဆန်အလုပ်တွေ လုပ်တတ်လာတယ်။ မလုပ်ပါနဲ့  သားရယ်လို့  ပြောတိုင်း အမေ့စကားက အရေးမပါ ပါဘူးဆိုတဲ့ အကြည့်မျိုးနဲ့  အမေကို ကြည့်တတ်လာတယ်။ အမေပါမှ ပျံသန်းတတ်တဲ့သားလေးတွေ ခုတော့ သူတို့  ပျံသန်းတဲ့ လမ်းကြောင်းမှာ အမေပါရင် သိပ်ရှုပ်တာပဲလို့  ထင်လာကြပြီ။ သူတို့  လုပ်သမျှအရာတိုင်းကို အမေဝေဖန်မှာ သိပ်ကြောက်လို့   သူတို့ လုပ်သမျှကို အမေမသိအောင် လျှို့  ၀ှက်ထားတတ်ကြတယ်။
                                နောက်ဆုံးမှာတော့ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ဆိုတဲ့ အမေ့တားမြစ်ချက်တွေနဲ့   ဝေးရာနေရာကို ပျံသန်းဖို့  သူတို့  ကြိုးစားတော့တယ်။ သူတို့  မရောက်ဖူးတဲ့ အသိုက်အမြုံနဲ့  ဝေးရာ ဟိုးမိုးကုပ်စက်ဝိုင်းအောက်ကို ရောက်ဖူးဖို့  ၊ လှိုင်းထန်တဲ့ ပင်လယ်ပြင်ကြီးကို မြင်ဖူးဖို့  ၊ တောအုပ်ကြီးတွေရဲ့  စိမ်းစိုလှပမှုတွေကို ရှုစားဖို့   သူတို့  ထွက်ခွာသွားကြပါပြီ။ သားလေးတွေရဲ့  ပြန်အလာကို မျှော်ရင်း မိခင်ငှက်မကြီးခမျာ သူမရဲ့  ဟိုး------ တစ်ကောင်တည်း စခဲ့တဲ့ အထီးကျန်နေ့ ရက်တွေကို  ပြန်လည်ရောက်သွားခဲ့ပါတော့တယ်။ သူမအတွက်တော့ မျှော်ရင်းနဲ့  သာ  အသက်ရှင်သွားရတော့မှာပါ။ သားသမီးတွေကတော့ လောက၀င်္ကဘာကြီးထဲမှာ သာယာမှုတွေရှာဖွေရင်း၊ အခက်အခဲတွေကြောင့် လဲပြိုရင်း၊ ဘ၀သစ်ကို ရှာဖွေတွေ့  ရှိသွားကြပြီမို့   ပြန်လာနိုင်ဖို့  တော်တော်ခဲယဉ်းသွားကြပါပြီ။ သူတို့  တွေလည်း တစ်နေ့  မှာတော့ သူတို့  ကျော်ဖြတ်နေရတဲ့ အကျည်းတန်ရက်စွဲတွေကို ငြီးငွေ့  ဖွယ်ရာဖြတ်ကျော်ရမဲ့ အလှည့်ကို ရောက်လာကြမှာပါ။ 
                                 ဒီငှက်လေးတွေလိုပဲလေ ကျွန်မတို့ တွေလည်း မိဘတွေတပ်ပေးလိုက်တဲ့ တောင်ပံ တစ်စုံနဲ့  ဟိုးအမြင့်ဆုံးကို ပျံသန်းဖို့  အသိုက်အမြုံဆီက ထွက်လာခဲ့ကြပြီလေ။ တစ်နှစ်နေလို့  မှ တစ်ခါသာ အသိုက်အမြုံဆီကို ပြန်လည်ရောက်ဖြစ်တတ်ကြတယ်။ ငှက်လေးတွေရဲ့  မိခင်ငှက်မကြီးလိုပဲ ကျွန်မတို့  ရဲ့  အမေတွေလည်း ကျွန်မတို့  တွေရဲ့  အိမ်ပြန်ရမယ့် ရုံးပိတ်ရက်ရှည်ကြီးကို ငြိမ်းငွေ့ စွာနဲ့   ထိုင်စောင့်နေကြမှာတော့ အမှန်ပါ။ ဒါကြောင့်  ကျွန်မတို့  ရဲ့  နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ချစ်သူ၊ သူငယ်ချင်း၊ အလုပ် အရာအားလုံးကို ခဏ မေ့ထားရင်း သူတို့  မျှော်နေတဲ့ အပြန်ခရီးကို ကျွန်မတို့  မမေ့တမ်း ထွက်ခွာကြအောင်နော်။

1 comment:

  1. ဟုတ်တာပေါ့။ အမေဆိုတာ အစားထိုးလို့ ရတဲ့ အရာမှ မဟုတ်တာ။ အချိန်ရတဲ့အခါ အမေနဲ့ အဖော်ပြုသင့်တယ်။ အမေဆိုတာ သားသမီးတွေနဲ့ အတူတူ နေရရင် ထမင်းမေ့ ဟင်းမေ့ ပျော်ရွှင်နေတတ်သူပါ။

    ခင်မင်လျှက်

    ReplyDelete